ခံစားချက်တို့ရှိပါတယ်...

လူငယ်တွေဟာလေ...

အမှန်တရားကိုမြတ်နိုးတယ်၊ တရားမျှတမှုကိုလိုလားတယ်၊ လွတ်လပ်မှုကိုမြတ်နိုးတယ်၊ လာမယ့်ဘေး ပြေးတွေ့ဝံ့တယ်၊ ခွန်အားရှိတယ်၊ ရင်ဆိုင်ရဲတယ်၊ စသည်အားဖြင့် ထူးခြားတဲ့ ဂုဏ်သတ္တိတွေ အများကြီး ရှိနေတယ်၊ အဲဒီလူငယ်တွေမှာပဲ အားနည်းချက် တသီတတန်းကြီး ရှိနေပြန်တယ်၊ ခံစားလွယ်တယ်၊ ယုံလွယ်တယ်၊ အပေါင်းအသင်းခင်မင်တယ်၊ အတွေ့အကြုံနုနယ်တယ်၊ အစရှိသည်ဖြင့်ပေါ့၊ ဒီအခါမှာ အဲဒီ အားနည်းချက်ကို ချုပ်ကိုင်ပြီး အားသာချက်တွေကို စုပ်ယူခံရတာမျိုးတွေ သမိုင်းနဲ့ချီပြီးရှိလာတယ် ကောင်းသူရဲ့ ထိန်းသိမ်းကွပ်ကဲမှုအောက်ရောက်သွားတဲ့ လူငယ်ဟာ လူတော်လူကောင်းလေး ဖြစ်လာတယ်... ကိုယ်ကျိုးရှာသမားတွေရဲ့ ချုပ်ကိုင်မှုအောက် ရောက်သွားတဲ့လူငယ်တွေကတော့ အမှောင်ထဲမှာ တ၀ဲလည်လည်ပေါ့၊ ပြီးတော့ မှောင်ခြင်း လင်းခြင်း မှန်ခြင်း မှားခြင်းဆိုတာကလည်း လူရဲ့ ကိုယ်ပိုင်ခံစားချက်ကို အတ္တက အဓိပ္ပါယ်ဖွင့်ဆိုမှုသာဖြစ်တဲ့အတွက် အမှောင်ထဲ ရောက်နေသူကလည်း ငါလင်းနေတယ်လို့ ခံစားတတ်သလို အလင်းထဲကလူကလည်း အားမလိုအားမရ အတ္တကြောင့် ငါ့ဘ၀က မှောင်နေတယ်လို့ ထင်မှတ်တတ်ကြပြန်တယ်...(ဒီအကျင့်က လူငယ်တွေမှာ အဖြစ်များတယ်၊ ကိုယ့်ကို အသက်နဲ့ရင်းပြီးမွေးခဲ့တဲ့ မိဘရင်ခွင်အောက်နေနေရတာကို လုံခြုံတယ်မထင်ဘဲ ချစ်သူကလွဲရင် အားကိုးစရာမမြင်ဆိုတာမျိုး) အဲဒီတော့ လင်းခြင်း မှောင်ခြင်း မှန်ခြင်း မှားခြင်းတို့ကို ဘာပေတံနဲ့ တိုင်းတာကြမလဲ၊ ဒါတွေဟာ နိစ္စလား အနိစ္စလား၊ တဒင်္ဂလား ထာဝရလား၊ စောင့်ရမှာလား ဖောက်ရမှာလား၊ မှေးလိုက်ရမှာလား အဝေးက လိုက်ရမှာလား... ဦး ဆောင်ရမှာလား အနောက်ကလိုက်ရမှာလား... ထောက်ခံမှာလား ဆန့်ကျင်မှာလား... ကြား နေမှာလား.. ဒါတွေအားလုံးကို လူသားအတ္တနဲ့ ဆုံးဖြတ်ကြတယ်.. လောကကြီးက နက်နဲတယ်... လွယ်မယောင်နဲ့ ခက်ပါတယ်... တိမ်မယောင်နဲ့ နက်ပါတယ်။ ရန်သူအသွင်ဆောင်သူက ရန်သူအစစ် ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်ရင်လည်းဖြစ်မယ်။ ဒါကအရေးမကြီးဘူး။ မိတ်ဆွေအသွင်ဆောင်နေသူက ရန်သူဖြစ်နေမှာသာ လုံးဝ အရေးကြီးတယ်။ မျက်မြင်အချက်အလက် လုပ်ရပ် ဒါတွေဟာ ရန်သူလား မိတ်ဆွေလားဆိုတာကို ဆုံးဖြတ်ချက်ပေးနိုင်တဲ့အချက်မဟုတ်ပါဘူး။ ထင်ကြေးပေးယုံလောက်ပါပဲ။ လူငယ်တွေက အတ္တစေရာကို မလိုက်မိဖို့ရာ လောကကြီးထဲ တောင်ပံဖြန့်ဖို့လိုတယ်။ သို့သော် တောင်ပံဖြန့်ရင်းနဲ့ အချိန်တော်တော်များများ ကုန်သွားနိုင်သေးတယ်။ အသိတရားခိုင်မာပြီလို့ ယူဆရတဲ့အချိန်ကျတော့ ငယ်သွေးငယ်အားတွေက ခန်းလုပြီ ဆိုတာမျိုးမဖြစ်ရအောင် ရှေ့ကတောင်ပံ ဖြန့်ခဲ့သူတွေရဲ့ အတွေ့အကြုံ ဗဟုသုတတွေကိုလည်း ရှာမှီးတတ်ရမယ်။ ဒါဆိုရင် လူကြီး တစ်ယောက်ဆီ နှစ်နာရီလောက် အချိန်ကုန်လိုက်ရင်၊ မိမိကိုယ်တိုင် တောင်ပံဖြန့်ကျက်ရှာဖွေမှရမယ် အနှစ်နှစ်ဆယ်စာလောက် အသိ ရကောင်း ရနိုင်တယ်။ ခေါင်းအုံးလောက်ထူတဲ့ စာအုပ်ပုံ ကြီးထဲမှာလည်း နစ်မနေနဲ့အုံး၊ တကယ်တော့ ဘ၀ဆိုတာ သီအိုရီတစ်ခုလို တွက်ထုတ်ယူကြလို့ ရတဲ့အရာမဟုတ်ပါဘူး၊ ဦးတည်ချက်ရှိပါလျက်နဲ့ကို လမ်းခွဲပေါင်းများစွာမှာ လားရာလွဲသွား တဲ့လူတွေအများကြီး၊ အဲဒီမှာ မိမိဘာလုပ်ရမယ်ဆိုတာကို ဦးတည်ချက်မရှိဘဲ အူကြောင်ကြောင် ယောင်နန နဲ့ မီးစင်ကြည့်ကမယ့် လူကလေးတွေက ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်၊ တွေးသင့်တယ်၊ လူငယ်တွေ တွေးသင့်တယ်လို့ ကျွန်တော်လည်း တွေးမိပါတယ်....