လူငယ်နဲ့ရိုးရာ

ဒီနေ့ခေတ် လူငယ်တော်တော်များများဟာ ရိုးရာသံစဉ်တွေကို မခံစားတတ်တော့တာ

များလာတယ်လို့ထင်တယ်၊ ကျွန်တော်ကိုယ်တိုင် ခေတ်လူငယ်တစ်ယောက်ပါ၊ ဒါပေမယ့် တောမှာမွေးလာတဲ့ တောသားမို့ မြန်မာသံကြိုက်တယ်လို့ ပြောမလား ၊ ဒီလိုတော့ မဟုတ်ပါဘူး ကျွန်တော် ခေတ်သီချင်းအားလုံး နီးပါးကို ခံစားနိုင်တယ်၊ နှစ်သက်တယ်၊ ရက်ပ်ကိုတောင် နှစ်သက်ပါတယ်၊ ဆိုလိုတာက သံစဉ်တိုင်းကို ကျွန်တော် နှစ်သက်ပါတယ်၊ ဂစ်တာတီးရင်း သီချင်းဆိုလေ့လည်းရှိပါတယ်၊ ဒါပေမယ့် မြန်မာသံစဉ်တွေကိုကျတော့ ပိုပြီး မြတ်မြတ်နိုးနိုး ရှိတယ်လို့ဆိုလိုတာပါ၊ ဒါကို အရင်ပို့စ်မှာရေးခဲ့ပြီးပါပြီ၊ ကျေးလက်တေးတွေထဲကဆိုရင် တွံတေး ဦးသိန်းတန် ဆိုခဲ့တဲ့ သီချင်းလေးတွေပေါ့၊ ကျွန်တော်တို့ မြန်မာ့ လူမှုဘ၀ကိုတေးသံမှာ ထင်ဟပ်နေစေတယ်၊ ပြီးတော့ အခြားဂန္တ၀င်ခေါ်လောက်တဲ့ တေးသီချင်းတွေလည်း အများကြီးပါ၊ ဒါပေမယ့် မြန်မာလူငယ်ထုကြားမှာ မြန်မာဆိုင်းဝိုင်းကြီးနဲ့ သီဆိုတဲ့တေးသီချင်းတွေဆိုရင် အရမ်း ရှားပါးယုံမျှမက အသစ်လည်းထွက်ခဲ ထွက်ရင်လည်း နားထောင်ခဲ နှစ်သက်ခဲ ကြတဲ့အတွက် တိမ်ကော ပျောက်ဆုံးသွားမှာနှမြောတသလို့ မဆုံးပါဘူး၊ ဒီအချိန်မှာပဲ မြန်မာမှု သဘင်နယ်ပယ်မှာ ပွဲမထွက်မီ အရင်ဆုံး ပြုလုပ်ရတဲ့ ရိုးရာနတ်တွေကို ပူဇော်ခြင်းအစီအစဉ်မှာ တီးတဲ့ အပျိုတော်ပို့ တီးလုံးကို ကိုကျော်သူ ရဲ့ ဆိုဒ်မှာ သွားတွေ့ပါတယ်၊ အနုအလှကာရန် စီခြယ်ထားတဲ့ မြူးမြူး ကြွကြွ မြန်မာသံ နတ်ဒိုးအစစ်ကို နားထောင်မိတဲ့အခါ ကျွန်တော် ကြက်သီးဖြန်းဖြန်း ထ လောက်အောင် ကြည်နူးနှစ်သိမ့်မိပါတယ်၊ နတ်ကိုးကွယ်မှု အယူဝါဒကို အားပေးခြင်းမပေးခြင်း ဘာဘာညာညာ မပြောလိုပါ၊ ကျွန်တော်ပြောလိုတာက ရိုးရာ အစဉ်အလာမပျက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ယဉ်ကျေးမှုအမွေကို ပြန်မြင်လိုက်ရလို့ အလွန် ၀မ်းသာမိတယ် ဆိုတာလေးပါပဲ အမ်ပီသရီး ပလေယာမှာ Play လုပ်ပြီး နားဆင်နိုင်ပါတယ်။ တကယ်လို့ ချစ်မိတ်ဆွေလည်း တကယ် နှစ်သက် မိတယ်..၊ သီဆိုလေ့ကျင့် ကြည့်ချင်တယ်ဆိုရင်တော့ သီချင်းစာသားလေးတွေ ပါ ရယူနိုင်ပါတယ်၊ နားထောင်ပြီး.. ကျွန်တော် ပြန်ရေးထားပေးတာပါ။ ချစ်မိတ်ဆွေ ..... သုခုမပညာရပ်အစစ်အမှန်ဟာ တိမ်ကောလုမတတ် ဖြစ်နေပြီ... ခေတ်လူငယ်တွေကိုယ်တိုင်-
  • မူရင်းမပျက် ဆက်လက်အမွေခံထိန်းသိမ်းဖို့ လိုပြီ။
  • ရိုးရာတူရိယာတွေကို ခေတ်မီလာအောင် အဆင့်မြှင့်တင်ဖို့ လိုပြီ။
  • မြန်မာတူရိယာတွေနဲ့ ခေတ်မီအနောက်တိုင်းတူရိယာများ ကို လှပသပ်ရပ်စွာ ပေါင်းစပ်ပြီး မြန်မာသံစဉ်ထွက်အောင် ဖန်တီးခြင်းကို ဆက်လက် ထိန်းသိမ်းဖို့လိုသလို ရိုးရာဂီတကို ခေတ်သစ်ဂီတနဲ့ ရောမွှေပြီး ရုပ်ဖျက်ခံနေရတာကိုလည်း ထိန်းသိမ်းဖို့လိုပြီ လို့ စီခရေဇီက ယူဆတယ်ဆိုရင် သင်လက်ခံမှာလား၊ ငြင်းဆိုမှာလား

0 comments: